Think before you Choose you lifelong career


ဆယ်တန်းအမှတ် စာရင်းတွေရရင် ဘယ်လမ်းကိုရွေးမလဲ 

“ဆယ်တန်းစာမေးပွဲမှာ အမှတ်များများရတဲ့ လူတွေရဲ့အနာဂတ်ကို မိဘတွေကဆုံးဖြတ်ပြီးတော့ အမှတ်နည်းတဲ့လူတွေရဲ့အနာဂတ်ကိုတော့ အစိုးရကကန့်သတ်ပါတယ်။”

ဒီစကားလေးက အရမ်းကို မှန်ပါတယ်။ ဖြိုးရော ရှိုးရော ၁၀ တန်းကို ရိုးရိုးပဲအောင်လာသလို မဖြိုးပဆို ၄၀ မှတ်ပဲရတဲ့ ဘာသာတောင်ပါသေး။ အတူတူဖြေတဲ့ သူငယ်ချင်းတွေနဲ့ ယှဉ်ရင် ရှက်လွန်းလို့ .. ကိုယ့်အမှတ်ပေါင်းကို ဘယ်သူကိုမှ ပြောမပြခဲ့ပါဘူး။ ဒါပေမယ့် ကံကောင်းသွားတာက အမှတ်ကို မကြည့်ပဲ မိမိစိတ်ဝင်စားပြီး ကြိုးစားသလောက် တက်မြောက်မည့် ကျောင်းမျိုးကို တက်ရောက်ခွင့်ရခဲ့ပါတယ်။ … ဆယ်တန်းစာမေးပွဲဆိုတာက ဘဝကို အဆုံးအဖြတ်ပေးတာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အနာဂတ်တစ်ချိန်ချိန်မှာ ကျွန်တော်တို့အလုပ်လျှောက်မယ်ဆိုရင် ဘယ်သူမှဆယ်တန်းတုန်းက ရခဲ့တဲ့အမှတ်ကိုမေးမှာ မဟုတ်သလို ဘယ်သူကမှလည်း ဂုဏ်ထူးဘယ်နှဘာသာထွက်ခဲ့လဲဆိုတာကို မမေးတော့ပါဘူး။
တကယ်တော့ ဆယ်တန်းစာမေးပွဲဆိုတာက မြန်မာနိုင်ငံမှာ ဘဝလမ်းကြောင်းရွေးချယ်ရတာပါ။ တကယ်ဆိုရင် ဒါကအရမ်းအရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ် ။

အသက် ၁၆၊ ၁၇ အရွယ်မှာ ကိုယ့်လျှောက်ရမယ့် လမ်းကို ရွေးချယ်ဖို့ဆိုတာ မြီးကောင်ပေါက်လူငယ်တစ်ယောက်အတွက်တော့ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူး။ ကိုယ့်ရည်မှန်းချက်က ဘာလဲဆိုတာကို တိတိကျကျသိရမှာ ဖြစ်သလို ကိုယ်ဘာဖြစ်ချင်တာလဲဆိုတာ ကိုယ်တိုင်ရှင်းရှင်းလင်းလင်းသိနေရပါမယ်။
မိဘရွေးပေးတဲ့လမ်းကြောင်းကို လျှောက်မယ်ဆိုရင် အဲ့ဒီလမ်းကြောင်းအကြောင်း ဂဃနဏသိအောင်ကြိုးစားပါ။ မိဘတွေ ရွေးပေးတာက ၅ မိနစ်လောက်ပဲကြာပေမယ့် ကိုယ်က နှစ်ငါးဆယ်လောက် အဲ့ဒီလမ်းကိုလျှောက်ရမှာပါ။ ကိုယ်နှစ်သက်ရင် ပြသာနာမရှိပေမယ့် ကိုယ်မနှစ်သက်ခဲ့ရင်တော့ အချိန်တွေအများကြီးဆုံးရှုံးပါမယ်။

ဒါကြောင့် သေချာစဉ်းစားလို့ရအောင် မြန်မာပြည်မှာ လူထင်ကြီးနေတဲ့ Career တွေအတွက် လမ်းကြောင်းလေးတွေကကို မရွေးခင် အောက်ကစာလေးတွေကို ဆက်ဖတ်ပေးပါ။

ဆရာဝန်

တစ်ဘဝလုံးလျှောက်ရမယ့်လမ်းကို အလွယ်တကူ မရွေးစေချင်ပါဘူး။ ကိုယ်က ဆရာဝန်ဖြစ်ချင်တဲ့သူဆိုရင်ဆရာဝန်အသက်မွေးဝမ်းကြောင်းနဲ့ ပက်သက်ပြီးသိရပါမယ်။ ကုသရေး (Clinical) လမ်းကြောင်းကို လိုက်မှာလား၊ သင်ကြားရေး (Teaching) လိုက်ချင်တာလား။ ဆရာဝန်တစ်ယောက်ရဲ့ ဘဝဆိုတာက ဘယ်လိုမျိုးလဲ။ဆေးရုံဆိုတာက ၂၄ နာရီဖွင့်ထားရတဲ့ နေရာတွေ၊ ပိတ်ရက်မရှိဘူးဆိုတာရော သိရဲ့လား။ ဆေးကျောင်းသား ဘဝနဲ့ ဆရာဝန်ဘဝဆိုတာက တော်တော်ကွာခြားပါတယ်။ နောက်ပြီး “သမားဆို အိုမှ” ဆိုတဲ့စကားအတိုင်းဆရာဝန် အများစုဟာ အသက်အရွယ်တစ်ခုရောက်မှ ဝင်ငွေကောင်းတာပါ။ နောက်ပြီး သွေးတွေ၊ အညစ်အကြေးတွေကို ရွံ့နေလိုမရပါဘူး။ လူပေါင်းစုံနဲ့ထိတွေ့ရမှာဖြစ်သလို လက်ရဲဇက်ရဲလည်းရှိပါမယ်။ ကိုယ်တိုင်ဆရာဝန်ဘဝကိုသိလို့ နှစ်သက်လို့ထက်စာရင် မိဘကပို့လို့ ဆေးကျောင်းကို ရောက်ခဲ့ရတဲ့လူငယ်တွေက များမယ်လို့ ထင်ပါတယ်။ လုပ်ရင်းကိုင်ရင်းနဲ့ ဒီဘဝကို နှစ်သက်မြတ်နိုးသွားတဲ့သူတွေရှိသလို မချစ်ပေမယ့်အောင့်နမ်းနေရတဲ့သူတွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာဝန်ဆိုတာ ဂုဏ်ရှိတဲ့အလုပ်တစ်ခုဖြစ်သလို ခေတ်အဆက်ဆက် ပညာတော်ရင်ဆေးကျောင်းပို့ဖို့ စစဉ်းတာက ဓလေ့တစ်ခုလိုဖြစ်နေပါပြီ။

ရေကြောင်း

ရေကြောင်းဆို အများဆုံးပြေးမြင်မယ့်အလုပ်က သဘောင်္သားပါ။ အိမ်ကကိုယ့်ကို သဘောင်္သားဖြစ်စေချင်ပြီဆိုရင် သဘောင်္သားဆိုတာ Captain Philips ရုပ်ရှင်ထဲကလို ဝတ်စုံအဖြူလေးဝတ်၊ ကျော့ကျော့လေးနဲ့ ပိုက်ဆံတွေအများကြီးရတဲ့အလုပ်လို့ မထင်ပါနဲ့။ ဒါကတစ်စိတ်တစ်ပိုင်းပဲမှန်ပါတယ်။ သဘောင်္သားဘဝကိုရွေးချယ်မယ်ဆိုရင် သိထားရမှာက ကိုယ့်ဘဝငယ်ရွယ်နုပျိုတဲ့အချိန်တွေကို ရေထဲမှာကုန်ဆုံးရမှာပါ။ ဘဝသက်တမ်းရဲ့ သုံးပုံတစ်ပုံလောက်က ရေထဲရောက်နေမှာပါ။ နိုင်ငံစုံရောက်ဖူးမှာမှန်ပေမယ့် အလုပ်တစ်ဖက်နဲ့မို့ ကိုယ့်ကတကယ့်ခရီးသွား Tourist တစ်ယောက်လိုလေ့လာလည်ပတ်ခွင့် ရမှာမဟုတ်ပါဘူး။ Tanker လိုသဘောင်္မျိုးတွေမှာပါ အလုပ်လုပ်ခဲ့တယ်ဆိုရင် အဲ့ဒီသဘောင်္တွေက အစွန်အဖျားတွေမှာ ဆိပ်ကမ်းကပ်တာတောမြို့တွေပဲရောက်ပါမယ်။ ပိုက်ဆံအများကြီးရပါမယ်။ ဘာဖြစ်ဖြစ်စွန့်စားမယ်၊ ငယ်ငယ်ရွယ်ရွယ်ပိုက်ဆံရှာချင်တယ်ဆိုရင်တော့ သဘောင်္သားဘဝကို ကျေကျနပ်နပ်ကြီးလက်ခံလိုက်ပါ။

အင်ဂျင်နီယာ

အင်ဂျင်နီယာဆိုရင်လည်း ဘာအင်ဂျင်နီယာဖြစ်ချင်တာလဲ။ အင်ဂျင်နီယာဘဝက ဘယ်လိုရှိလဲ။ ဆောက်လုပ်ရေး (Civil) ၊ စက်မှု (Mechanical) ၊ လျှပ်စစ် (Electrical) လား။ နယ်ပယ်အခွဲတွေ အများကြီးရှိတာမို့ ဆက်ပြောမယ်ရင် ခေါင်းရှုပ်သွားပါဦးမယ်။ ကျွန်တော့်သူငယ်ချင်းတွေတုန်းကဆိုရင် အင်ဂျင်နီယာဘဝဆိုတာ ဘာမှန်းမသိတဲ့အပြင် ကိုယ့်ရဲ့အမှတ်အနေအထားအရသာ ရွေးချယ်ခဲ့တာပါ။ ဆောက်လုပ်ရေး (Civil) ၊ စက်မှု (Mechanical) တွေကအမှတ်များမှ ရတဲ့ဘာသာရပ်တွေမို့ အခြားဘာသာရပ်ကို ယူခဲ့ရပါတယ်။ အဲ့ဒီဘာသာရပ်အကြောင်းကို သေချာမသိတဲ့အပြင် အဲ့ဒီအင်ဂျင်နီယာဘဝကိုလည်းမသိပါဘူး။ လုပ်ငန်းခွင်ဝင်တဲ့အချိန် မပျော်မွေ့တာမို့ သူ့ခဗျာတော်တော် ဒုက္ခရောက်ပါတယ်။

ကျောင်းဆရာ၊ သူနာပြု၊ လေကြောင်း၊ စစ်သား၊ အနုပညာ၊ ဥပဒေ၊ ကွန်ပြူတာ ပြောမယ်ဆိုရင်တော့ အများကြီးရှိပါတယ်။ ကိုယ့်လျှောက်ရမယ့်လမ်း နဲ့ ကိုယ်ဖြစ်ချင်တဲ့ဘဝကို ကိုက်၊ မကိုက် စဉ်းစားပါ။ မိဘကရွေးချယ်ပေးတယ်ဆိုရင် အဲ့ဒီပညာရှင်တွေရဲ့ ဘဝကိုသိအောင်ကြိုးစားပါ။ ဆယ်တန်းစာမေးပွဲဆိုတာ ဘဝခရီးလမ်းရဲ့ အစပါ။ ရွေးပြီးရင် စလျှောက်ရပါတော့မယ်။ လူငယ်တွေကို သေချာရွေးချယ်စေချင်ပါတယ်။

ဖြိုးနဲ့ရှိုးတို့ ကံကောင်းတာက မိဘတွေက သားသမီးစိတ်ဝင်စားပြီး သူတို့ကိုယ်တိုင် လိုက်လုပ်ချင်စိတ် လေ့လာချင်စိတ်ရှိမှ လုပ်ခိုင်းတယ်.။ နင်ဆရာမဖြစ်ရမယ်၊ သူနာပြုဖြစ်ရမယ် စသည်ဖြင့် အတင်းအကျပ်လုပ်တာမဟုတ်လို့ ဖြိုးနဲ့ရှိုးတို့အနေနဲ့ စိတ်ပိန်စရာလဲမလိုသလို ကိုယ်စိတ်ဝင်စားတာကိုပဲ တက်ရတော့ လေ့လာပြီးပြန်အလုပ်လုပ်တော့လဲ ပျော်နေတာပေါ့နော်. ငွေကြေးရတာ အနည်းအများက စလုပ်တုန်းမှာ အကြည့်ပဲ အတွေ့အကြုံများပြီး ကျွမ်းကျင်လာရင် ငွေထုတ်က ကိုယ့်နောက်ကို လိုက်လာမှာပါ။

 မိဘတွေ၊ အကိုအမတွေကို အကြံပေးချင်တာက ကလေးတွေကို လမ်းကြောင်းတစ်ခု လျှောက်ခိုင်းမယ်ဆိုရင် အဲ့ဒီလမ်းကြောင်း၊ အဲဒီဘဝအကြောင်း အကုန်ရှင်းပြပါ။

ဘဝမှာအောင်မြင်တဲ့လူငယ်တွေ ဖြစ်ကြပါစေ။ 
#PhyoandShio


Comments

Popular Posts