How can we maintain our hair in Rainy Season


Hello …. 
ချစ်တို့ရေ ဖြိုးနဲ့ရှိုးက အမြဲတမ်းမေးနေတဲ့ မိုးတွင်းမှာ ဆံနွယ်လေးတွေကို ဘယ်လိုထိန်းသိမ်းရမလဲ ဘယ်လိုပြုစုပြီး ဘာတွေကို ရှောင်ရှားရမှာလဲဆိုတဲ့ အကြောင်းလေးတွေကို ဆွေးနွေးပေးဖို့ ပြန်လာပါပြီ။

ဖြိုးနဲ့ရှိုးတို့လို့ အလှအပချစ်သူ မိန်းကလေးတိုင်းကတော့ ရာသီဥတုပြောင်းလဲမှုပေါ်လိုက်ပြီး ကိုယ့်ရဲ့အသားအရေ ၊ ဆံကေသာတွေကို ပြောင်းလဲဂရုစိုက်ရမယ် ဆိုတာသိကြပါတယ်။ တကယ်တော့ မိုးရာသီမှာ ဆံပင်တွေဟာ ပိုအားနည်းနေတတ်ပြီး ပိုထိခိုက်လွယ်တတ်ပါတယ်။ ဒါကြောင့် မိုးရာသီအတွင်းမှာ ကိုယ့်ဆံပင်လေး ပုံကျလှပမြဲ လှပနေဖို့ ဒီလိုဂရုစိုက်မှုလေးတွေ ပေးပါနော်။

၁. မိုးရေရှောင်ပါ

ဆံကေသာကိုတတ်နိုင်သမျှ မိုးစိုမခံသင့်ပါဘူး။ အကောင်းဆုံးက မိုးကာ ၊ ထီးတို့နဲ့ မိုးရေမထိအောင် ကာကွယ်ဖို့ပါပဲ။ မိုးရေဟာ ညစ်ပတ်ပြီး အက်စစ်ဂုဏ်သတ္တိပါတာမို့ ဆံကေသာကို ပိုမိုထိခိုက်ပျက်စီးစေပါတယ်။ တကယ်လို့ မိုးရေထိပြီး ပြန်မခြောက်သွေ့ခဲ့ရင် ခေါင်းလျှော်ပြီး ပြန်သန့်ရှင်းရေး မျိုးမလုပ်နိုင်ရင် ဦးရေပြားမသန့်တာ ၊ အနံ့ဆိုးထွက်တာ ၊ ယားယံတာတွေဖြစ်လာနိုင်ပါတယ်။ အခန့်မသင့်ရင် သန်းဖြစ်နိုင်တယ်။ ဒါကြောင့် မိုးရေထိပြီးရင် ခေါင်းပြန်လျှော်ရင်လျှော် မလျှော်ရင်လည်း ခြောက်သွေ့အောင် ပြန်ဂရုစိုက်ပေးရပါမယ်။ ဆံသားကို ခြောက်သွေ့စေတဲ့နေရာမှာ ပဝါကိုအသုံးပြုပြီး ခြောက်သွေ့စေတာက အကောင်းဆုံးပါ။ အဆင်မပြေလွန်းမှ Hair Dryer ကိုသုံးပါ။

၂. Hair Product ပြောင်းလဲပါ

မိုးတွင်းမှာ ခေါင်းလျှော်တဲ့အကြိမ်ရေက အရင်ထက်ပိုများလာမှာတော့ အသေအချာပါ။ ဒါကြောင့် မိုးမိတိုင်း ခေါင်းလျှော်မယ်ဆိုရင် အပြင်းစားခေါင်းလျှော်ရည်နဲ့ မလျှော်ပါနဲ့။ သဘာဝပစ္စည်းတွေနဲ့ ထုတ်ထားတဲ့ ခေါင်းလျှော်ရည် အပျော့စားကို ရွေးသင့်ပါတယ်။ ပြီးတော့ ဆံသားတွေကို ထိထိရောက်ရောက် အာဟာရဖြည့်ပေးတာမျိုးကို ရွေးရပါမယ်။ Clearifying Shampoo ဆိုတာမျိုးကို ရှာသုံးပါ။ ဒီရာသီမှာ Oil Massage နဲ့အာဟာရဖြည့်ပေးတာမျိုးထက် အစိုဓာတ်ကောင်းကောင်း ဖြည့်ပေးနိုင်တဲ့ ခေါင်းလျှော်ရည် ၊ ပျော့ဆေးတွေကိုသုံးပေးပါ။ ဆံပင်ပျော့ဆေး သုံးတဲ့နေရာမှာလည်း အများကြီး သုံးဖို့မလိုပါဘူး။ အဓိကက ဆံသားအဖျားပိုင်းကို သေသေချာချာ  လိမ်းကျံပေးဖို့သာလိုတာပါ။ ဆံပင်ပျော့ဆေးမသုံးခင် ဘီးကျဲကျဲနဲ့ အရင်ဖြီးပါ။ ပြီးမှ ပျော့ဆေးကိုလိမ်းပေးပါ။ ဆံပင်ခြောက်တဲ့အချိန်မှာ Hair Coat လေး သေချာလိမ်းပေးသင့်ပါတယ်။

၃. ဘီးရွေးမှန်ရမယ်

မိုးရာသီမှာ ဘီး ရွေးမယ်ဆိုရင် အရွေးမှန်ဖို့လိုပါတယ်။ ဆံပင်ကမိုးရေတွေနဲ့ ရှုပ်ထွေးနေပြီး ဆံသားကလည်း အားနည်းနေတတ်တာကြောင့် ဘီးကျဲကျဲနဲ့ ခေါင်းဖြီးတာက ပိုအဆင်ပြေပါတယ်။ ဘီးသွားစိပ်စိပ်နဲ့ဆိုရင် ဆံပင်ဖြီးရခက်ပါတယ်။ ဆံသားကို ညင်ညင်သာသာနဲ့ ရှင်းပေးနိုင်တဲ့ ဝက်မှင်ဘီးလိုမျိုး အကောင်းစား Hair Brush လေးတွေမဖြစ်မနေ ဆောင်ထားသင့်ပါတယ်။ ခေါင်းဖြီးတဲ့အခါလဲ ဆံသားအောက်ခြေ အဖျားကနေ ရှင်းလင်းပြီး ဖြီးပေးပါ။

၎. မှန်မှန်ကန်ကန် စားသောက်တတ်ပါစေ

ဆံကေသာ အားကောင်းဖို့အတွက် အစားအသောက်ကလည်း အရေးကြီးပါတယ်။ ဒါကြောင့် ဆံကေသာကို အားကောင်းစေမယ့် ပရိုတင်း ၊ သံဓာတ် နဲ့ အိုမီဂါကြွယ်ဝတဲ့ ငါး ၊ အစေ့အဆံ ၊ ဟင်းနုနယ်ရွက် စတာတွေစားပေးပါ။ ဖြိုးနဲ့ရှိုးရဲ့ အမြဲတမ်းလိုက်နာဖြစ်တာတော့ ဒီအချက်ပေါ့နော်။

၅. ဆံပင်စတိုင်လ်ပြောင်းလဲပါ

မိုးရာသီမှာ ဆံပင်စတိုင်လ်ကို သတိထားဖို့လိုပါတယ်။ ဆံပင်ရှည်ထားရင် မိုးရေထိတဲ့အခါ တော်တော်နဲ့ ပြန်မခြောက်ဘဲနေပါလိမ့်မယ်။ ဒါကြောင့်တတ်နိုင်သမျှ ရိုးရှင်းတဲ့ဆံပင်ပုံ ၊ ပုံသွင်းပြုပြင်ရလွယ်တဲ့ ဆံပင်ပုံစံထားပါ။ ဆံပင်တိုနဲ့ လိုက်ဖက်ရင်တော့ ညှပ်ပစ်လိုက်ဖို့ ဝန်မလေးသင့်ပါဘူးနော်။ ဒီလိုမဟုတ်ရင်လဲ ရေစိုပြီးဆံပင်စတိုင်လ် မလှမပဖြစ်နေချိန်မျိုးမှာ သုံးဖို့ ခေါင်းစည်းကြိုး ၊ ပဝါလှလှလေးတွေ ၊ ဆံထုံးလေးတွေ ဖန်တီးလို့ရမယ့် ကိရိယာလေးတွေ ဝယ်ထားပြီး ကိုယ့်ဆံပင်စတိုင်လ်ကို လန်းစေလို့ရပါတယ်။ တစ်ခုသတိထားရမှာက ဆံပင်ဖြောင့်တာ ကောက်တာ ဆေးဆိုးတာ Setting လိပ်တာလိုမျိုး ဆံပင်ကိုပျက်စီးစေနိုင်တဲ့ ပြုပြင်မှုမျိုးတွေကို တတ်နိုင်သမျှ ရှောင်သင့်ပါတယ်နော်။

ဖြိုးနဲ့ရှိုး အခုပြောသွားတဲ့ အချက်လေးတွေကို ခေါင်းထဲအမြဲသတိထားပြီး လိုက်နာပေးဖို့ သတိပေးပါဦးမယ်နော်။ ဒါဆိုရင်တော့ စိတ်ညစ်စရာကောင်းတဲ့ မိုးတွင်းမှာ လှလှပပနဲ့ ဖြစ်သန်းနိုင်မှာပါ.


#PhyoandShio #PhyopapaBlogs 

Comments

Popular Posts